ပွင့်ဖြူ ဇူလိုင် ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၍ သင်တန်းမှ လေ့လာသင်ယူခဲ့ရသော အခြေခံဆိုင်ကယ် ပြုပြင်နည်းပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိရပ်ရွာအတွက် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ကျေးရွာရှိ စိတ်ဝင်စားသော လူငယ်လူရွယ်များကိုလည်း လက်ဆင့်ကမ်းမျှဝေ သင်ကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)