ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လယ်မြေဧက ၅၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၂၉ ဒသမ ၉၂၅ သန်းဖြင့် လမ်းအရှည်ပေ( ၁ )မိုင်အား လမ်းအကျယ် ၁၂ ပေ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန်လ တတိယပတ်က စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လွင်ဝေအောင် (ဦးစီးအရာရှိ - နည်းပညာ) က ကွင်းဆင်းကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ၂၀ ရာခိုင်နှုန်းခန့် ဖောက်လုပ်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၉၈ အိမ်မှ လူဦးရေ ၁၁၂၄ ဦး၏ စိုက်ပျိုးလယ်မြေဧက ၅၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။   

ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )