ဘုတလင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ဘုတလင်  စက်တင်ဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး မဟာဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ မဲဆွယ်စည်းရုံးကြရေး ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ပြုစုပြီးစီးမှု၊ မဲရုံများ လျာထားမှု၊ မဲရုံလုံခြုံရေးနှင့် မဲရုံဝန်ထမ်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဟေသီဆုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဖြည့်စွက် ပြီးသည့် ဆန္ဒမဲပေးခွင့်ရှိသူ (၁၁၈၄၀၇) ဦး ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ(၄၃)ရုံ၊ မဲဆန္ဒနယ် အမှတ်(၂) တွင် မဲရုံ(၅၇)ရုံ၊ စုစုပေါင်း မဲရုံ(၁၀၀) လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)