ဆိပ်ဖြူ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ဆိပ်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတတ်သည့် သဘာ၀ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် အရေးပေါ်အခြေအနေကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြာပေးပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်နွယ်ဦးနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးနည်လမ်းများကို ဟောပြောပေးခဲ့ကြပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အသိပညာပေးဟောပြောပေးခဲ့သည့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)