ဘားအံ ဇူလိုင် ၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၌ ဂျိုင်းမြစ် အတွင်း ငါးမျိုးစိုက်ထည့်ပေးပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဂျိုင်းမြစ်အတွင်းငါးမျိုး စိုက်ထည့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ရပ်မိရပ်ဖများ၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသား/သူများနှင့်အတူ ငါးခုံးမကြီးကောင်ရေတစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေ တစ်သိန်း စုစုပေါင်းငါးကောင်ရေ ၂ သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါကြွယ်ဝ၍ ဒေသတွင်းစားသုံးမှုဖူလုံပိုလျှံ စေရေးအတွက် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးကောင်ရေ ၁၂ သိန်းခန့်ကို ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ယခုအခါ ငါးကောင်ရေ (၇) သိန်းခန့်ကို ငါးမျိုးစိုက်ထည့်ပြီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ဘိန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ကျောင်းသူများ စာသင်ကြားမှုအခြေအနေနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းခန်းမတွင် အသက် (၁၂) အောက်နှင့် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ကျန်းမာရေး ဝန်ထမ်းများအား ငွေကျပ်တစ်သိန်းနှင့် ကျောင်းအတွက် ငွေကျပ်သုံးသိန်းတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ဘိန်းကျေးရွာတွင် နေ့စဉ်အလုပ်သမား (၉) ဦးခန့်ဖြင့် လည်ပတ်နေသော ပုဂ္ဂလိကစက်မှုလုပ်ငန်း တော်ဝင်စံပေါင်မုန့်လုပ်ငန်း၏ ထုတ်လုပ်ပုံအဆင့်ဆင့် ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မင်းရွာ-ပေါ့ကြူကုန်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ရာမညနိကာယပေါ့ကြူကုန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသနှင့် စာချဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများနှင့်အတူ အဆိုပါလမ်းပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
မင်းရွာ-ပေါ့ကြူကုန်းကျေးရွာချင်းဆက်လမ်းသည် အရှည် ၉၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအမျိုးမစားဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၅၀)၊ ပြည်သူလူထုထည့်ဝင်ငွေ သိန်း(၁၁၀) စုစုပေါင်း ငွေကျပ် ၁၆၀ သိန်းဖြင့် ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မင်းရွာကျေးရွာရှိ A-green အလူဇင့်၊ ကာလာအမိုးပြား၊ C-ချန်နယ် ထုတ်လုပ်ရေးဖြန့်ချီရေးနှင့် သံထည်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ စက်ရုံပိုင်ရှင်ဦးအောင်ဇော်လင်းက ထုတ်လုပ်မှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နောင်ခေတ်ကျေးရွာရှိ ဟံသာကြယ်ကုမ္ပဏီလီမိတက်၏ ရေသန့်စက်ရုံအား ကြည့်ရှုစစ်ဆေးရာ စက်ရုံဝန်ထမ်းများက တစ်ရက်လျှင် ၂၀ လီတာရေသန့်ဘူးကြီး ၅၀၀ ဘူးခန့်နှင့် တစ်လီတာရေသန့်ဘူး ၅၀၀ ခန့် နေ့စဉ်ထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ဘိန်းကျေးရွာတွင် နေ့စဉ်အလုပ်သမား(၉)ဦးခန့်ဖြင့် လည်ပတ်နေသော ပုဂ္ဂလိကစက်မှုလုပ်ငန်း တော်ဝင်စံပေါင်မုန့်လုပ်ငန်း၏ ထုတ်လုပ်ပုံအဆင့်ဆင့် ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ခေတ်ကျေးရွာ ဓမ္မယုတ္တိကနိကာယ ပုပ္ဖာရာမကျောင်းဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)