ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင် ပုသိမ်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်လှိုင်လှိုင်ဝေတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကြားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အကျဉ်းထောင် တာဝန်ရှိသူများအား လမ်းညွှန်ကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)