ငှက်ကြီးသိုက်စံပြကျေးရွာတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် ထိုင်ခုံနောက်တွဲ ကရိယာသမန်းမွှေစက်ဖြင့် မောင်းနှင်သရုပ်ပြသ

ဖြူး ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူပေါင်း၍ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်စေရေး အတွက်ရည်ရွယ်၍ တောင်သူများအား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် ထိုင်ခုံနောက်တွဲ ကရိယာ (လက်ကိုင်ရှည်) သမန်းမွှေစက်ဖြင့် မောင်းနှင်သရုပ်ပြခြင်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြကျေးရွာရှိ တောင်သူ ဦးစိန်မင်းသိန်း၏ မိုးစပါးစိုက်ဧက (၆.၃)ဧက တွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူးဦးလင်းနောင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုလတ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရွာတန်းရှည်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများတက်ရောက်ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၇)စက်မှု လယ်ယာစခန်း (ဖြူးမြို့) မှ ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း၊ ထိုင်ခုံနောက်တွဲ ကရိယာ (လက်ကိုင်ရှည်) စက်ဖြင့် သမန်းမွှေမောင်းနှင် သရုပ်ပြမှုအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အားမလိုပဲ ကုန်ကျစရိတ်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးဗန်းဖြင့်ပျိုးထောင် စိုက်ပျိးရခြင်းကြောင့် မြန်ဆန်၍ ကောက်ကွက်ဝင်ဆန့်မှု တိကျမှုရှိခြင်း၊ ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း အကျိုးကျေးဇူး များရရှိပြီး ထိုင်ခုံနောက်တွဲ ကရိယာ (လက်ကိုင်ရှည်) သမန်းမွှေစက်ဖြင့် သမန်းမွှေရာတွင် ထိုင်ခုံထိုင်စီးကာမောင်းနှင်နိုင်၍ လူပင်ပန်းမှုမရှိခြင်း၊ မြန်ဆန်တွင် ကျယ်မှုရှိခြင်း စသည့် အားသာချက်များရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးလင်းနောင်ဦးထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)