ကျောင်းကုန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းစည်းများ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီခန့်က မြို့မဈေးအနီး လူစည်ကားရာနေရာတွင် ပြုလုပ်ခဲ့သည်။
ယနေ့အချိန်ကာလတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုသည် လျင်မြန်ပြင်းထန်လာသည်ဖြစ်၍ ပြည်သူများ နေအိမ်အပြင်သို့ မဖြစ်မနေထွက်ခွာရပါက နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကို မိမိကစ၍ ကာကွယ်ပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်စေရန် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ(၆၈)အုပ်စုသို့ လက်ကိုင်ဟွန်း(၆၈)ခု ထောက်ပံ့ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)