စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စုကလိ ဇူလိုင် ၈

စာအုပ်စာပေများအား သေချာစွာဖတ်ရှုစေခြင်း၊ မိမိကိုယ်တိုင်ဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်မျှဝေတတ်စေခြင်း၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၉ နာရီခွဲက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club မှ အဖွဲ့ဝင် ဦးလွမ်းမိုးနောင်က စာမျက်နှာ ၂၅ ပါ သင့်ဘဝသည်သင့်ယုံကြည်ချက်၏ ပုံရိပ်ဖြစ်သည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်ဒေါ် ဇင်သူအောင်က စာမျက်နှာ ၁၁၃ ပါ လောကကြီးကို ပြောင်းလဲဖို့မကြိုးစားပါနှင့်၊ မိမိကိုယ်မိမိပြောင်းလဲနိုင်အောင်ကြိုးစားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသင်းအဖွဲ့ဝင် ဦးဥတ္တရမောင်က စာမျက်နှာ ၅၃ ပါ လူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ နှလုံးသားကို ဖြူစင်အောင်ထားပါ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်ကြရာ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် စာဖတ်ဝိုင်းများအား အသိပညာဗဟုသုတပေးနိုင်သည့် လုပ်ငန်းအဖြစ် တစ်လလျှင်နှစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုပိုအောင်