ရွှေဘို ဇူလိုင် ၈
၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခန်းအနားကို ယနေ့ နံနက်၁၀နာရီက ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား ပြောကြား ရာ ကျောင်းသားမောင်မယ်လူငယ်လေးများအနေဖြင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်ထိမ်းသိန်းတတ်စေရန် ၊လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်နှင့် ကျောင်းစာပြင်ပ ဗဟုသုတများ တိုးပွားကာ ကျောင်းစာကြည့်တိုက်ကို ပိုမို အသုံးပြုတတ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပါမောက္ခ ဒေါက်တာစန်းစန်းဝင်း(သမိုင်းဌာန)က အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်တွင် ပါဝင်ဆောင်ရွက်မှု မှတ်တမ်းများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထုပ္ပတ္တိ အကျဉ်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ပြီး၊ ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုးက အာဇာနည်စိတ်ဓါတ် ထက်သန်စေရန် လှုံ့ဆော်ပေးသော စာပေပညာရှင်တို့၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စာစီစာကုံး ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝန်ထမ်းအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများ၊ အာဇာနည်နေ့အကြိုဟောပြောသူများအား၊ ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုး၊ ဒုပါမောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ဌာနမှူး(ပါမောက္ခ)များနှင့် သင်ကြားရေး ဆရာ/ ဆရာမများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)