ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာအုပ်စုများသို့ သွားရောက်၍ အသိပညာဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက လေးအိမ်တန်း ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လေးအိမ်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မြလေးက ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်သင်းသင်းမွန်က အဖွဲ့ရည်ရွယ်ချက်နှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှူးဒေါ်နီနီမြင့်က အမျိုးသမီးများအကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဦးစီးမှူး ဒေါ်စန်းစန်းဝင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော  အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များကို  လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရသည်။

အေဇာလင်း (မြို့နယ်-ပြန်/ဆက်)