ကော့ကရိတ်မြို့၌ အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့ကရိတ် ဇူလိုင် ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာကျောင်းများသို့ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က. ဝင်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က. ဝင်းကြီးကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စမ်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အာဇာနည်နေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိများနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အားလပ်ချိန်တွင် စာပေဗဟုသုတရရှိစေရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေရေးတို့ကို ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်ပြန်ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အ.ထ.က. ဝင်းကြီးကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ပြန်ဆက်)