ပေါက်ခေါင်း ဇူလိုင် ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ကျေးရွာကော်မတီဝင်များ လိုက်ပါ၍ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ချောင်းကျိုးကျေးရွာ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်း ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံစိုက်ပျိုးမည့်နေရာနှင့် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၁ ဒသမ ၈၉၇၇၅ သန်းဖြင့် ဆောင်ရွက်နေသည့် ဒွရွာကျေးရွာ စက်ရေတွင်းအနက်ပေ (၄.၅" PVC 400') တူးဖော်နေမှုနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၇၇ ဒသမ ၄၂၅ သန်းဖြင့် ဗောဓိကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၆၃၀၀ ပေ၊ အကျယ် ၁၂ ပေနှင့်ထု ၉ လက်မရှိ မြေသားမြေနီလမ်းခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)