ထန်းတပင် (ပဲခူး) ဇူလိုင် ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းပင်လုံခန်းမ၌ “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာပြောကြားပြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ “ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့စသည့် အကြောင်းအရာများကို (ပရိုဂျက်တာ)ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်မှ “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်နှင့်ပက်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား မေးခွန်းမေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)