ပုသိမ်မြို့နယ်အတွင်းရှိ စက်မှုမြို့တော်တွင် Shuang Xi (Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် စမ်းသပ်လည်ပတ်လျှက်ရှိသော ShuangXi(Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံသည် ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂.၇၇၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ပြင်ဆင်သည့်ကာလ (၁)နှစ်ခန့်ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေပုဒ်မ ၂၅/(ဃ)အရ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီမှ အတည်ပြုအမိန့်အမှတ် ဧရာ ၀၆၆/၂၀၂၁ ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းပြီး ကုန်ချောအဖြစ် (JAKO/ UHL Sport) အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိစက်ရုံတွင် ပြည်ပနိုင်ငံသား(၃)ဦး၊ လုပ်သားဦးရေ (၄၆၈) ဦးဖြင့် လုပ်ကိုင်လျှက်ရှိရာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ လက်ရှိလုပ်ကိုင်နေသည့် ဝန်ထမ်းများ အဆင်ပြေလျှက် ရှိကြကြောင်းနှင့် စမ်းသပ်လည်ပတ်မှုနောက်ပိုင်းတွင် လုပ်သားအင်အား(၁၃၀၀)ကျော်ထိ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်ရုံမန်နေဂျာထံမှ သိရသည်။

ယခင်ရက်များက အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ငြိမ်းနှင့်အဖွဲ့ဝင်ဌာနများ ဖြစ်သော အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက Shuang Xi (Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကာ စက်မှုလက်မှုလိုင်စင်၊ စည်ပင်လိုင်စင်၊ ထုတ်ကုန်/သွင်းကုန်လိုင်စင်များ ပြုလုပ်ထားရှိရေး၊ နိုင်ငံခြားပညာရှင်များ နေထိုင်ခွင့်ပုံမှန်သက်တမ်းတိုးခြင်းကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ စက်ရုံအလုပ်ရုံများမှ EMP ရေးဆွဲတင်ပြရန်၊ စက်ရုံအလုပ်ရုံများမှ စာရင်းများ တိကျမှန်ကန်မှုရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးအောင်ငြိမ်းမှ လုပ်သားများလုပ်ခလစာ ပုံမှန်ရရှိရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှရပ်စဲခြင်းခံရသော လုပ်သားများအား ဥပဒေအရ ရပိုင်ခွင့်များကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး၊ လုပ်ငန်းလိုအပ်ချက်အရ ဆက်စပ်ဌာနများ ပါဝင်ဖွဲ့စည်းထားသဖြင့် အခက်အခဲများရှိပါက အချိန်တိုအတွင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားဥပဒေပါ ကိစ္စရပ်များအား သိရှိလိုက်နာဆောင်ရွက်သွားကြရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင်ပြန်ဆက်