ပွင့်ဖြူမြို့နယ်၌ စံပြကျေးရွာတွင် Cash For Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အ‌ကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းလုပ်ငန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းကော်မတီဝင်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ရာ၌ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာနေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် Cash For Work စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီမံကိန်းလုပ်ငန်းဖော်ဆောင်ရာ၌ ကျေးရွာ‌လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ကြောင်း ‌ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်လွင်ဝေအောင် ( ဦးစီးအရာရှိ - နည်းပညာ ) က Cash For Work စီမံကိန်းလုပ်ငန်းစဉ်များ၊ လိုက်နာရမည့်စည်းကမ်းချက်များနှင့် စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ ကော်မတီဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားပြီး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်(၇) ဦးကို ဒေသခံပြည်သူများ၏ သဘောတူဆန္ဒနှင့်အညီ အတည်ပြု ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာ၏ အဓိကလိုအက်ချက်ဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )