ပုသိမ်မြို့နယ် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ပုသိမ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ၈-၇-၂၀၂၂ ရက်နေ့တွင် အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းရှိ Grade-3 စာသင်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဇွန်လ(၈)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ (၃၀၀)ဦးအား ယခုဒုတိယအကြိမ်အဖြစ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာဒေါ်ဌေးဌေးနွယ်ထံက သိရသည်။

ပုသိမ်မြို့အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် ဇွန်လ(၈)ရက်နေ့မှစတင်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူ (၃၆၇)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူ (၄၀၀)ဦး၊ စုစုပေါင်း ကျောင်းတစ်ကျောင်းလုံးတွင် ကျောင်းသား ကျောင်းသူ (၅၄၃)ဦးရှိကြောင်း အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း (ပုဂံ)၊ ကျောင်းအုပ်ဆရာကြီး ဦးလှထွဋ်ထံက သိရသည်။

မြင့်ဟန်(ပြန်/ဆက်)