အိမ်မဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်

အိမ်မဲ  စက်တင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရန် အသိပညာပေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင် က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးဦးရေ (၁၈၃၇) ဦးရှိပြီး အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ ပုံမှန်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူသည့်အထဲတွင် မပါရှိပဲ သတ်မှတ်ထားသော အသက်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံချင်သူများ အနေဖြင့် မွေးစာရင်း၊ အိမ်ထောင်စုဇယားတို့ကို ယူလာရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)