တောင်တွင်းကြီးမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုး

တောင်တွင်းကြီး ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံတောင်သူများက ရန်ပယ်ဆည်၊ ကင်ပွန်းတောင်ဆည်၊ ငမင်ဆည်၊ ဘန်းကုန်းဆည်၊ ရတနာပွင့်လှကန်တော်ကြီး ဆည်ရေတို့ဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ ဆည်အသီးသီးမှဆည်ရေများကို လက်ဝဲ၊ လက်ယာမြောင်းမကြီး၊ လက်တံ‌မြောင်းအသီးသီးမှတစ်ဆင့်ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်းလည်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရန်ပယ်ဆည်ရေဖြင့် (၃၇၄၄) ဧက၊ ငမင်ဆည်ရေဖြင့် (၁၉၈၄)ဧက၊ ကင်ပွန်းတောင်ဆည်ရေဖြင့် (၃၇၀၅)ဧက၊ ဘန်းကုန်းဆည်‌ရေဖြင့် (၂၂၇၇)ဧက၊ ကန်တော်ကြီးဆည်ရေဖြင့် (၁၂၉၄)ဧက၊ ယင်းမလည် ဆည်‌ရေဖြင့်(၃၇၂)ဧက၊ ကျောက်မိချောင်းဆည်ရေဖြင့် (၁၀၈၄)ဧက၊ အခြားဆည်ငယ်၊ ကန်ငယ်များနှင့်မိုးကောင်းသောက်စနစ်ဖြင့် (၈၃၃၃၂)ဧက၊ စုစုပေါင်း မိုးစပါးသီးနှံဧက(၉၇၇၉၂)ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများက ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက် သတ်မှတ်မိုးစပါးသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ကာ မျိုးစပါးတိုက်ရိုက်မျိုး‌စေ့ချကြဲပက်စနစ်ဖြင့် စတင်စိုက်ပျိုးနေကြသကဲ့သို့ အချို့တောင်သူများက ပျိုးစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးပျိုးထောင်ခြင်းများကို လုပ်ကိုင်ဆောင်ရွက်နေကြကြောင်းနှင့်  ရေသွင်းကာမိုးစပါး ကြိုတင်ပျိုးထောင်ထားသည့် တောင်သူများကလည်း ပျိုးသက်တမ်းပြည့်မှီချိန် မိုးစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ‌ ဒေါ်ခင်မျိုးအေးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်