နတ်မောက် ဇူလိုင် ၈
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခုဖြစ်သည့် နတ်မောက်မြို့နယ်သည် ဇွန်လဆန်းမှစ၍ လကုန်အထိ မိုးရွာသွန်းမှု မရှိသလောက် နည်းပါးခဲ့သည်။ မိုးရွာသွန်းမှု နည်းပါးသဖြင့် ပူပြင်း ခြောက်သွေ့လျက်ရှိပြီး အများပြည်သူများ၏ လူမှုပတ်ဝန်းကျင်တွင် စိတ်မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။
မိုးမရွာခြင်း၊ မိုးခေါင်ခြင်းများ ကြုံတွေ့လာပါက မြန်မာ့ရိုးရာလွန်ဆွဲပွဲများ ပြုလုပ်လျှင် မိုးရွာသွန်းနိုင်ကြောင်း ယုံကြည်ကြသဖြင့် နတ်မောက်မြို့ပေါ် ရပ်ကွက်များတွင် မိုးခေါ်လွန်ဆွဲပွဲများကို ဇွန်လ(၂၈)ရက်နေ့မှစ၍ ကျင်းပလျက်ရှိကြောင်း မြို့မရပ်ကွက်မှ ကိုကျော်လွင်ဦးက ပြောသည်။
“မိုးမရွာတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း နွမ်းလိမ်နေပြီ၊ နေရတာကလည်း နွေရာသီကြီးလိုပဲ အလွန် ပူအိုက်နေတော့ လူတွေလည်း စိတ်မပျော်ရွှင်ကြတော့ဘူး၊ ဒါကြောင့် ရပ်မိရပ်ဖတွေရော၊ လူကြီးလူငယ် အားလုံးက လွန်ဆွဲပွဲလုပ်ဖို့ သဘောတူညီကြတဲ့အတွက် ရပ်ကွက်တွေမှာ လွန်ဆွဲပွဲပြုလုပ်ကြတာပါ။ ဇွန်လ (၂၈၊၂၉) ရက်တွေမှာ တမာပင်ရပ်ကွက်၊ ဇွန်(၃၀)ဇူလိုင် (၁၊ ၂)ရက်နေ့တွေမှာ စျေးရပ်ကွက်၊ မြို့မရပ်ကွက်က ဇူလိုင် ၅ ရက်၊ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ လွန်ဆွဲကြပါတယ်၊ ပျော်စရာလည်းကောင်းပါတယ်၊ မိုးရွာလာတော့ လူတွေက ပျော်ကြတာပေါ့” ဟု ကံကြီးရပ်ကွက်မှ ကိုသောင်းကပြောသည်။
မြန်မာ့ရိုးရာ လွန်ဆွဲပြိုင်ပွဲပြလုပ်ခြင်းသည် မိုးရွာစေရန် စိတ်ရည်သန်ပြီး ပြုလုပ်ခြင်းဖြစ်ပြီး၊ ခွန်အားစိုက်ခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်း၊ စည်းလုံးညီညွှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ဖြင့် ပြိုင်ဆိုင်ကြခြင်းဖြစ်၍ ချစ်မြတ်နိုးစရာ မြန်မာရိုးရာ လွန်ဆပွွဲဖြစ်ကြောင်း မြို့မိမြို့ဖများက ပြောကြသည်။
မူမူစန်း