လှိုင်းဘွဲ ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း သာသနာ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို စွမ်းစွမ်းတစ်မံ ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်(၃)ပါးအား အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လှိုင်းဘွဲမြို့မကျောင်းကြီး ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် သံဃသမ္မုတိရ ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ ကမ်းနီကျောင်း ဆရာတော် ဥူးဝိစာရက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့၏ ဖွဲ့စည်းမိန့်ကို ဖတ်ကြားခြင်း၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၃)ပါးနေရာအတွက် ရွေးချယ်မည့် သံဃာတော်အရေအတွက်တို့ကို ဖတ်ကြားတော်မှုခဲ့သည်။ ထို့နောက် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနယကအဖွဲ့ဝင်၊ သံဃသမ္မုတိရ ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခေမာရာမကျောင်း ဆရာတော် ဥူးသောပါကက ဩဝါဒ မြွက်ကြားခဲ့ပြီး ကြွရောက်လာသော ဆရာ တော်/သံဃာတော်များက လစ်လပ်သွားသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်(၃)ပါးနေရာ၌ အစားထိုးရွေးချယ်နိုင်ရန်အတွက် ဘွဲ့အမည်စာရင်း တင်သွင်းခြင်း၊ ထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၃)ပါးနေရာအတွက် ဘဒ္ဒန္တဣစာရ၊ (လှိုင်းဘွဲမြို့ (ခ)ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်)၊ ဘဒ္ဒန္တခေမိဿရာလင်္ကာရ(လှိုင်းဘွဲမြို့(ခ)ရပ်ကွက် မြို့မပရိ ယတ္တိစာသင်တိုက်)နှင့်ဘဒ္ဒန္တပညာဓဇ (ကော့ထရယ် ကျေးရွာ၊ကော့ထရယ်သုခဝတီကျောင်း)တို့ကို ရွေးချယ် အစားထိုးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)