မင်းဘူး ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းများ လှိုင်လှိုင်ပေါ်ချိန် စမုံနက် နှမ်းတစ်တင်းကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကာ ရောင်းချ နေရသည့်အတွက် နှမ်းရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“တောင်သူအများစုက နွေနှမ်းကို မတ်လထဲမှာ မိုးစပါးမစိုက်ခင် ကြဲပက်စနစ်နဲ့ စိုက်ကြတာ။ စမုံနက် နှမ်းမျိုးကို အများဆုံး ရွေးချယ် စိုက်ပျိုးကြပြီးတော့ နှမ်းအဖြူစိုက်တာက နည်းတယ်။ သွင်းအားစု ကုန်ကျစရိတ်က စစိုက်တဲ့အချိန်ကနေ အခုနှမ်းခါ (နှမ်းသိမ်း)ပြီးချိန်အထိ တစ်ဧကကို ကျပ် ၁၅၀၀၀၀ လောက်ပဲကုန်တယ်။ ယာမြေမှာစိုက်တဲ့ မိုးနှမ်းထက် လယ်မြေမှာစိုက်တဲ့ နွေနှမ်းက ကုန်ကျစရိတ် အများကြီး သက်သာပြီးတော့ မြတ်အစွန်း ပိုရတယ်။ ဒီနှစ်နွေနှမ်းက အထွက်နှုန်း ကောင်းတယ်လို့ ပြောရမှာပါ။ နှစ်ဧကကျော် စိုက်ခဲ့တာ ခုဆိုရင် တစ်ဧက ၁၀ တင်းနီးပါး ထွက်ရှိပြီးတော့ တင်း ၂၀ ကျော်လောက်ရတယ်။ ပြန်ထောင် နှမ်းခါတာနဲ့ဆိုရင် ၂၅ တင်း လောက်ရပါတယ်။ အခုလက်ရှိ နွေနှမ်းပေါ်ချိန် စမုံနက်က ကျပ် ၈၀၀၀၀ ကျော်နဲ့ ရောင်းချရတော့ ဈေးကောင်းရပြီး ဒီနှစ် နွေနှမ်းစိုက်ရတာ ပိုပြီးတွက်ခြေကိုက်ပါတယ်”ဟု ကုန်းသာကျေးရွာမှ နွေနှမ်းစိုက်တောင်သူ ကိုမင်းမင်းက ရှင်းပြသည်။
“ဒီရက်ပိုင်း နှမ်းဈေးတက်တော့ နွေနှမ်း(ခေါ်) ရေသွင်းနှမ်းတွေ လှိုင်လှိုင်ပေါ်ချိန် ဈေးကောင်း ရတော့ အဝယ်လိုက်ပြီး အရောင်းသွက်နေတယ်။ အရင်နှစ်ကဆိုရင် စမုံနက်က ကျပ် ၇၀၀၀၀ ဝန်းကျင်လောက်ပဲရှိတာ။ အခုလက်ရှိ စမုံနက်က ခေါင်ဆဆိုရင် ဈေးပိုကောင်းပြီး ကျပ် ၈၂၀၀၀ အထိ ပေါက်ဈေးရှိတယ်။ နွေနှမ်းပေါ်ချိန် ဈေးကောင်းရတော့ တောင်သူအဖို့ အဆင်ပြေတာပေါ့။ ကျွန်မတို့ပွဲရုံက ကတ်တား ချိန် ၁၅ ပိဿာ နှမ်းတစ်တင်းကို စမုံနက်က ၈၂၀၀၀ ကျပ်၊ နှမ်းအဖြူက ၆၈၀၀၀ ကျပ်၊ နှမ်းအနီက ၆၅၀၀၀ကျပ်၊ နှမ်းအညိုက ၆၀၀၀၀ ကျပ်နဲ့ ဝယ်ယူလျက် ရှိပါတယ်။ မင်းဘူး၊ မကွေးမှာရှိတဲ့ ကုန်သည်ပွဲရုံတွေက မန္တလေးကုန်စည် ဒိုင်ကြီးတွေကိုချိတ်ပြီး တစ်ဆင့်ပြန်ရောင်း အဲဒီကနေမှတစ်ဆင့် တရုတ်ပြည်ကိုတင်ပို့တာ။ နှမ်းနက်ကို တရုတ်ပြည်ဘက်က အဝယ်လိုက်နေတော့ တောင်သူတွေဈေးကောင်းရတာပါ။” ဟု မင်းဘူးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်း(စမုံနက်) စိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံတောင်သူများက စျေးကောင်းရရှိပြီး သွင်းအားစုစိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာကာ အကျိုးအမြတ်များစွာ ရရှိသည့် အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)