ကျိုက်လတ်၌ အားကစားဆိုင်ရာ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံသိဝအခြေခံပညာ အထက်တန်းကျောင်းနှင့် တံခွန်တိုင်ကျွဲကူး အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့တွင် ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ အားကစားဆိုင်ရာ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနည်းစနစ်မှူး ဦးကျော်နိုင်က အားကစားနှင့် ပတ်သက်၍ လူငယ်များ သိသင့်သည့် အချက်များ၊ အားကစား ပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ယခုမိုးရာသီတွင် ဖွင့်လှစ်မည့် အားကစားသင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေးနှင့် အထက အိမ်ယာကြီးတွင် ယခု U18 အမျိုးသမီး ဘောလုံးသင်တန်းအား ဖွင့်လှစ် ထားကြောင်းနှင့် အားကစားလေ့ကျင့်ခန်း အချို့တို့ကို သရုပ်ပြအသိပညာပေး ဆွေးနွေးပြောကြားခဲ့ သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်ရန်အတွက် အားကစားပစ္စည်းများကို နည်းစနစ်မှူး ဦးကျော်နိုင်က ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူဆရာမများက လက်ခံရယူခဲ့ကြောင်း သိရ သည်။

ရီရီမြင့်