မြိတ်မြို့နယ် တောင်ဖီလာကျေးရွာတွင် တစ်ရက်လျှင် ရေသန့်(၅၀၀၀) လီတာကျော်ထွက်ရှိမည့် ရေသန့်စင်စနစ် ဆောင်ရွက်

မြိတ် ဇူလိုင် ၈

ကျေးလက်ဒေသများတွင် ရေမလုံလောက်မှုများ နွေရာသီ ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ကျေးရွာရှိရေ ရရှိနိုင်သော ရေအရင်းအမြစ် များမှ ရေပေးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့နယ် ကဟန်းအုပ်စု တောင်ဖီလာကျေးရွာတွင် ကျေးရွာပြည်သူများအတွက် တစ်ရက်လျှင် ရေသန့်လီတာ(၅၀၀၀)ကျော်ထွက်ရှိမည့် ရေသန့်စင်စနစ်နှင့် ရေဂါလံ(၂၄၀၀) ဆံစင်မြင့်ရေစင်ကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

“တောင်ဖီလာကျေးရွာ ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လတတိယအပတ်မှာ  စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလကုန်မှာ  ပြီးစီးအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရေသန့်စင်စနစ် ဆောင်ရွက်ပြီးသွားတဲ့အခါ တစ်ရက်လျှင် လီတာ(၅၀၀၀)ကျော် ထုတ်လုပ် နိုင်ပြီး  ကျေးရွာရဲ့အိမ်ခြေ (၂၂၀)ကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ကျေးရွာရေသန့်စင်စနစ် ရေရှည်တည်တံ့ဖို့ ကျေးရွာရေကော်မတီ(၇)ဦးဖြင့် ဖွဲ့စည်းပြီး ရေရှည်ထိန်းသိမ်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရေသန့်စင်စနစ်က မြိတ်မြို့နယ်အတွင်းမှာ ပထမဆုံးစတင်ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကျေးရွာအတွက် အကျိုးရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။

ရေသန့်စင်စနစ်လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သိန်း(၂၅၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း၌ Lifestraw (၁၂)ယူနစ်၊ Polymer Tank (၅)လုံး တပ်ဆင်၍ ရေသန့်စင်စနစ်နှင့် ရေဂါလံ(၂၄၀၀)ဆံ စင်မြင့်ရေစင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ရေသန့်စင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးပါက တစ်ရက်လျှင် ရေသန့်စုစုပေါင်း(၅၀၀၀)လီတာကျော်ထွက် ရှိမည်ဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ(၂၂၀)ရှိ ပြည်သူ (၁၂၀၀)ခန့်အတွက် သောက်ရေအဖြစ် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာရေသန့်စင်စနစ်လုပ်ငန်း ရေရှည်တည်တံ့စေရန်အတွက် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာရေ ကော်မတီအား သင်တန်းပေးပြီး စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာကော်မတီအား ရေသန့်စင်စနစ် ရေရှည် ထိန်းသိမ်းရန်လိုအပ်သည့် နည်းလမ်းကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာရေကော်မတီမှ ရန်ပုံငွေတစ်ခုသတ်မှတ်ပြီး ရေရှည်ထိန်းသိမ်းသွားနိုင်ပါက ရေရှည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (SDG-6) ဖြင့် (၂၀၃၀)တွင် ကျေးလက်နေပြည်သူအားလုံး ထိရောက်အကျိုးရှိသော၊ ကုန်ကျစရိတ်ကျခံနိုင်သော၊ တန်းတူညီမျှမှုကိုပေးသော ကျေးရွာရေရရှိရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးလက်ဒေသအားလုံးတွင် ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် လွှမ်းခြုံမှု(၁၀၀)ရာခိုင်နှုန်း ပြည့်မီစေရေးကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်အထိ မြိတ်မြို့နယ် အတွင်း  ကျေးလက်နေပြည်သူများအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း (၁၆၇)ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )