တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တွေ့ဆုံ၍ တက္ကသိုလ်သန့်ရှင်းသာယာလှပရေးကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ ပါမောက္ခချုပ်က  ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှု အခြေအနေများ၊ တက္က သိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသသကြီး ဝန်ကြီးချုပ်က  မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်၏ အခမ်းအနားများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲပြိုင်ပွဲများကို တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်မြင်စေရေး စနစ် တကျဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ် သိပ္ပံများမှ ခေတ်မီဆန်းသစ်သော လေ့လာ တွေ့ရှိချက်များကိုလည်း လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိစွာ အသုံးချရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝါသနာအလိုက် အားကစားနှင့် အနုပညာကိုလည်း  စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ၊ အနုပညာသမားများ ဖြစ်စေရေး ပြုစုပျိုးထောင်ပေး စေလိုပါကြောင်း၊ တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရာတွင် ပန်းအလှပင် များ၊ အရိပ်ရအပင်များ ထည့်သွင်းစိုက်ပျိုးရန်နှင့် ရှေရှည်စီမံချက်များ ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများလည်း ဆောင်ရွက်ရန် လိုပါကြောင်းနှင့် တိုင်းဒေသ ကြီး အစိုးရအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများမှ တက္ကသိုလ်ကျောင်းအပ်နှံ တက်ရောက်မှုများ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)