မြိတ် ဇူလိုင် ၈
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲ များကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်(၇)ရက် နေ့လယ်(၃) နာရီက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲ အမျိုးသားပြိုင်ပွဲတွင် ရူပဗေဒအသင်းမှ အားကစားသမားနှင့်သတ္တဗေဒအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်ခဲ့ကြရာ ရူပဗေဒ အသင်းမှ အားကစားသမားက အနိုင်ရရှိခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် မြန်မာစာအသင်းမှ အားကစားသမားနှင့် ရူပဗေဒအသင်းမှ အားကစား သမားတို့ ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာစာအသင်းမှ အားကစားသမားကအနိုင်ရရှိခဲ့ကြသည်။ ပြိုင်ပွဲကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်ကို စစ်တုရင်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာရင်ရင်မြကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြ သော အားကစားသမားအား ဒုပါမောက္ခချုပ် ဒေါက်တာသီတာကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြ သော အားကစားသမားအား ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ပြိုင်ပွဲကို အမျိုးသား/ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ အမျိုးအစားဖြင့် ကျင်းပခဲ့ပြီး ဘာသာရပ်(၆)ခုမှ ကျောင်းသား/သူ အားကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲကို ဇူလိုင်လ(၆) ရက်မှ (၇)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )