မြဝတီ ဇူလိုင် ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အသက် ၁၆ နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
အစည်းအဝေးတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ထူးချွန်သည့် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်ဘောလုံး အားကစားသမားများ ပေါ်ပေါက်လာစေရေး ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်ကျေးရွာပေါင်းစုံမှ အားလုံးပါဝင်စေလိုပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားပြီး မြဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းများမှ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)