ရှမ်းရွာသစ်မြို့၊ အမှတ် (၂) ရပ်ကွက်တွင် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ်   ဇူလိုင်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမ ပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၊ အမှတ် (၂) ရပ်ကွက်တွင် အရှည်(၄၇၀)မီတာရှိသည့် မြို့တွင်လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းပြုလုပ်ခြင်းကို လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၆၂.၄) သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အတွက် ဦးစီးဌာနမှ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်၍ဆောင်ရွက်ခဲ့ကြပြီး  ယခုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင်လည်း လမ်းဦးစီးဌာန၏ ဖြည့်စွက်ရန်ပုံဖြင့် အရှည် (၄၇၀) မီတာ ထပ်မံဆောင်ရွက်နိုင်ရေး လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ခြင်းသည်  မြို့တွင်းသန့်ရှင်းသာယာလှပရေး၊ မြို့သူမြို့သားများ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုပင်ဖြစ်ကြောင်း လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇင်လေး(ပြန်/ဆက်)