ပေါင်းတည် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းက ကန်ငယ်အုပ်စု၊ သာကတိုးကွေ့ကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်း စားသုံးဆီသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက် ပိုမို ဆောင်ရွက်နိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် လယ်ယာစိုက်ပျိုးစရိတ်များ ပြန်လည်ထုတ်ချေးပေးနေသဖြင့် ကြွေးကျေဆပ်ရန် ကျန်ရှိတောင်သူများအနေဖြင့် ချေးငွေများပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးဆင့်