ဖျာပုံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဖျာပုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်းရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများ၊ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း အသိပညာပေး ဟောပြောပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက အားကစားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက အားကစားနှင့် အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက် (၄)ချက်အား၊ အသိပညာပေးဟောပြောသည်။ ထို့နောက် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက-၂ကျောင်း အတွက် အားကစားပစ္စည်းများအား ဖျာပုံခရိုင် အားကစားမှူးဒေါ် စန္ဒာဦးကပေးအပ်ရာ အထက - ၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာကြိုင်က လက်ခံရယူသည်။ ထို့နောက်တိုင်း ဒေသကြီးလက်ရွေးစင် မြန်မာ့သိုင်းအားကစားသမားများက သိုင်းစွမ်းရည်သရုပ်ပြခြင်းတို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)