မြောင်းမြမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကြည့်ရှုစစ်ဆေး

မြောင်းမြ        စက်တင်ဘာ        ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ခရိုင်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ခရိုင်အဆင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်း၍ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် မြောင်းမြမြို့တွင်းရှိ My  Mind  ၊Eleven  Corner ၊ ဧဒင်စားသောက် ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် စားပွဲဝိုင်းများကြားတွင် (Partition) အကာအရံများ ထားရှိရေး၊ အစားအသောက်များ သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်ရေး၊ လက်ဆေးဘေစင်များနှင့် Hand Gel  များထားရှိပေးရေး၊ ရောင်းချ သူများ အနေဖြင့် Mask များ Face  Shield  တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အိုးခွက် အသုံးအဆောင်များနှင့် စားဖိုဆောင်များတွင် သန့်ရှင်းသပ်ရပ်မှုတို့ကို စစ်ဆေးခြင်း၊ စားပွဲဝိုင်း(၁)ခု တွင် လူ(၄)ဦးထက် မပိုဘဲ ဆိုင်ထိုင်ကြရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက် နှင့်အညီ ဖွင့်လှစ်ရန်နှင့်စည်းကမ်း မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ပညာရေး ကောလိပ်ကျောင်းမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။

စန္ဒာကြည်(ခရိုင်ပြန်/ဆက်)