ဘားအံ ဇူလိုင် ၈
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံ မြို့နယ်မုက္ကဒိကျေးရွာ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကျုံပိုက်ကျေးရွာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၃၂၀သန်းဖြင့်ဆောင်ရွက်မည့် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြုကျောက်စီတမံ အလျား ၂၅၀ ပေဆောင်ရွက်မည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ပြည်နယ်ဦးစီး မှူးနှင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ကျောက်စီတမံနှင့် လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ အကျယ် ၂၀ ပေ၊ အရှည် ၁၀၀ ပေရှိ ကွန်ကရစ်တံတားသစ်တစ်စင်း တည်ဆောက်ရေးလုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ အဆိုပါ တံတားသစ်တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုက္ကဒိကျေးရွာတောင်ခြေ ကျောင်းဆရာတော်ဘဒ္ဒန္တမာဂိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝက မ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေကျပ် ၃၂၀ သန်းဖြင့် မုက္ကဒိကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြုကျောက်စီတမံ အလျား ၂၅၀ ပေ ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းတို့အား ဆက်သွယ်ထားသည့် အိပ်မက်တံတား (လူကူးကြိုး တံတား)၏ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၅၆ ဒသမ ၅၅၇ သန်းဖြင့် ဆောင်ရွက်သော အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ အရှည် ၅၂၈၀ ပေရှိ မုက္ကဒိ-မိကရင်ကမ်းနားလမ်း(မုက္ကဒိဘက်ခြမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မုက္ကဒိကျေးရွာမှ မိကရင်တောင်ခြေထိ ကျန်ရှိ သောလမ်းပိုင်း ပေ ၆၀၀ အား ကွန်ကရစ်လမ်းခင်းနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash For Work စီမံ ကိန်းဖြင့် မုက္ကဒိရွာလယ်လမ်းအား စီမံကိန်းထောက်ပံ့ငွေကျပ် ၁၀ သန်းဖြင့် လမ်းပခုံးမြေဖို့ခြင်းနှင့် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မုက္ကဒိကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေပြုသမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား၊ အလတ်စား၊ စက်မှု လက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကဏ္ဍများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုကိုအားပေးသည့် ခေတ်မီစံပြကျေးရွာများကို ထူထောင် သွားမည်ဖြစ်ကြောင်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ ကျရာကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန်၊ အကြံဉာဏ်ကောင်းများပေးကြရန်နှင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ပြီး ကျေးရွာသူ/ရွာသားများမှလည်း မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အတွက် စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မုက္ကဒိကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Smart village စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးက လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူးက မုက္ကဒိကျေးရွာတွင်ဆောင်ရွက်မည့် မြစ်ရေတင်လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)တို့ကို လွဲပြောင်းပေးအပ်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးစပါးစိုက် တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသော ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာ နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မုက္ကဒိကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများ၏ သင်ကြား သင်ယူမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးအား ကျောင်းအတွက်ငွေကျပ်(၃)သိန်းနှင့် မက်စ်(MasK)များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မုက္ကဒိကျေးရွာအထက်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)