ကောလင်းမြို့နယ် ပဇင်းတာကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက် ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကောလင်း စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် တောင်မော်အုပ်စု၊ပဇင်းတာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ထိခိုက်မှုများအပေါ် တုံပြန် ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေ ရရှိရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း  ပဇင်းတာကျေးရွာတွင် ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၊ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ကောလင်းမြို့နယ်၌ အကောင်အထည်ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းကို ကျေးရွာပေါင်း ၆ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်းသိရကာ ထို့သို့ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း စီမံကိန်းလုပ်ငန်းအတွက် ပစ္စည်း ဝယ်ယူရာတွင် အသုံးပြုစေကာ ကျန် ၆၀ရာခိုင်နှုန်းကို ဒေသခံပြည်သူများ ဝင်ငွေရရှိရေး လုပ်အားခအတွက် ပေးချေ၍ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းသို့လုပ်အားခငွေများ ပေးချေရာတွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀မှ အမြင့်ဆုံး လုပ်အားခ ကျပ် ၆၀၀၀ သတ်မှတ်ထား ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများအနေဖြင့် ဒေသပေါက်ဈေးအတိုင်း အကျိုးခံစားခွင့် ရရှိကြမည်ဖြစ် ကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဝင်ကျေးရွာများအနက် ပဇင်းတာ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိရေးအတွက်ကျေးရွာတွင် ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း ၁၃၉၀ပေ ၊လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၅၀၀၀၂ပေ၊အကျယ် ၁ ပေခွဲအနက် ၁ ပေခွဲ တူးဖော်ခြင်း၊ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း လမ်းအရှည် ၂၈၃၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မ လုပ်ငန်းကို စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားကိုအသုံးပြု၍ ဇူလိုင်လမှစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပဇင်းတာကျေးရွာရှိ အိမ်ခြေ  ၉၀၊ အိမ်ထောင်စု ၁၀၄ စု၊ လူဦးရေ ၄၇၁ ဦးအား ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)