ဝေါ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခြင်းတို့အား ယမန်နေ့က နောင်ဂျမ်းကျေးရွာနှင့် တောစွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်သန်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက်ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် နောင်ဂျမ်းကျေးရွာမှ ရပ်မိရပ်ဖဦးမြင့်စိန်နှင့် ဒေသခံများမှ ကျေးရွာအတွင်း လမ်းများပြုပြင်ပေးနိုင်ရေးနှင့် မောင်မဖော်ချောင်းအား ပြန်လည်ဖော်ပေးနိုင်ရေး၊ သဘော့ကန်၊ တောစွန်းကျေးရွာမှဦးမြင့်ဇော်က ပယ်လမ်းဟောင်းကုန်ထုတ်လမ်းဖော်ထုတ်ပေးနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)