ပေါင်းတည် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက အွန်လိုင်းပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခရိုင်ကိုယ်စားပြု ဒုတိယဆုရရှိ ကျောင်းသားအား မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအွန်လိုင်းပုံပြင်ပြောပြိုင်ပွဲအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပပြီး အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်ဖြတ်ထုတ်လွှင့်နိုင်ရေးအတွက်ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သုံးလပတ်(တစ်ကြိမ်) ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးပြီး တစ်ခရိုင်လျှင် ခရိုင်ကိုယ်စားပြု ပုံပြင်တစ်ပုဒ်နှုန်းစီ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်းသိရသည်။ ယင်းသို့ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ပြီး ယှဉ်ပြိုင်စေခဲ့ရာ ယခုနှစ်(မတ်၊ ဧပြီ၊ မေ)သုံးလပတ်တွင် ကျောင်းသား၊ ကျောင်းသူ (၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပေါင်းတည်မြို့ အ.မ.က (၁၁)လမ်းကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်ကောင်းပြည့်ဟိန်းက စာရေးဆရာမင်္ဂလာဈင်အောင်ရေးသားသည့် "ပညာလိုအိုသည်မရှိ” အပါအဝင် စကားပုံ ပုံပြင်များစာအုပ်မှ "မိုးခါးရေမသောက်သောမင်း" ပုံပြင်ခေါင်းစဉ်ဖြင့် ပြည်ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိကြောင်းနှင့် ယင်းဆုရရှိမှုအတွက် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်နော်ဆဲပွယ်ဖောက ဆုရရှိသော ပြိုင်ပွဲဝင်ကျောင်းသား မောင်ကောင်းပြည့်ဟိန်းအား ဦးစီးဌာန(ရုံးချုပ်)ကိုယ်စား ဂုဏ်ပြုဆုငွေ(၈၀၀၀၀/)ကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်အလိုက် ကိုယ်စားပြုပြိုင်ပွဲဝင်ပုံပြင်များကို နေပြည်တော်ရှိ ပြင်ပပညာရှင်စာရေးဆရာများအပါအဝင် Book Club, Women's Clubနှင့် Youth's Club တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အကဲဖြတ်စိစစ်ရေးအဖွဲ့ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၅)ဆုအပါအဝင် စုစုပေါင်းဆု(၈)ဆုအား သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကြည့်ရှုအမှတ်ပေးစိစစ်ရွေးချယ်၍ ပထမဆုအတွက် ငွေကျပ်တစ်သိန်း၊ ဒုတိယဆုငွေကျပ်ရှစ်သောင်း၊ တတိယဆုငွေကျပ်ငါးသောင်းနှင့် အထူးဆု(၅)ဆုအတွက် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးကြောင်းသိရသည်။
ပေါင်းတည် (ပြန်/ဆက်)