ထားဝယ် ဇူလိုင် ၇
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော်အား ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက သစ်ပင်ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ထားဝယ်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များထံ ပေးအပ်ခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအတွက် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်ပင်များပါဝင်သည့် ခရေ၊ ကံကော်၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပျဉ်းမစုစုပေါင်းပျိုးပင် (၄၅၀) ပင်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်ဝန်ကြီးများ၊ ဖိတ်ကြား ထားသူများက သက်မှတ်ထားသောနေရာများတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
“သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့”၊ “ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့”၊ “သစ်တောသစ်ပင် ကျေးဇူးရှင် ထိန်းသိမ်းကြစို့ထာဝစဉ်”၊ “ရှင်အောင်စိုက်ပျိုး”၊ “ကြီးအောင်ပြုစု”၊ “မြဲအောင်ထိန်းသိမ်း” စသည့်ဆောင်ပုဒ်နှင့်အညီ ထားဝယ် တက္ကသိုလ်ဝင်းအတွင်း စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)