ဖျာပုံမြို့ပေါ် အလှကုန်ဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် မြန်မာစာကုန်အညွှန်းများ ကပ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဖျာပုံ  စက်တင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ အလှကုန်ဆိုင်များတွင် ရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများနှင့် မြင်းခေါင်းတံဆိပ်အလှကုန်ပစ္စည်းများတွင် မြန်မာစာကုန် အညွှန်းအမှတ်အသားများ ကပ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားပြဋ္ဌာန်းချက်များ ကိုက်ညီစေရေးအတွက် ဖျာပုံမြို့ ဒုတိယလမ်းပေါ်ရှိ အလှကုန်ပစ္စည်း ရောင်းချသည့်ဆိုင်(၅)ဆိုင်သို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ စစ်ဆေးရေးအရာရှိများက ပူးပေါင်း၍  သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် Mistine အလှကုန်ပစ္စည်းများနှင့် မြင်းခေါင်းတံဆိပ်အလှကုန်များတွင် မြန်မာစာကုန်အညွှန်း ကပ်ပြီးမှသာ ဈေးကွက်သို့ တင်ရောင်းရန်နှင့် မြန်မာစာ ကုန်အညွှန်းမပါသည့် အလှကုန်ပစ္စည်းများမှာ အတုများအဖြစ် သတ်မှတ်ပြီး စစ်ဆေးခဲ့ရာ  အလှကုန်ပစ္စည်းများကို သတ်မှတ်ချက်အတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရ သည်။ ထိုစည်းကမ်းချက်များအတိုင်း လိုက်နာခြင်းမရှိဘဲ ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 

လှလှနွယ် (ခရိုင်ပြန်/ဆက်)