သဲကုန်း ဇူလိုင် ၇
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို ဌာနများပူးပေါင်း၍ ယမန်နေ့ နေ့လယ်၁နာရီက ကရင်ကုန်းအုပ်စု ကရင်ကုန်းရွာဒီပါအေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလိုဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင် ဥပဒေအသိပညာပေးခြင်း၊ ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အမည်ပြောင်းလဲလျှောက်ထားခြင်း၊ စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ဆောင်ရွက် ရမည့်အချက်များ၊ ကျေးလက်ရေရရှိရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့်စာသုံးသူများ အခွင့်အရေးနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူလယ်သမားများကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ် သုံးစွဲနိုင်ရေးတို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်