ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ကန့်ဘလူ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက်နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄) မူလတန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆရာ/ ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသား ကျောင်းသူများကိုလည်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကိုလည်း ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံပေးခြင်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဆေးရုံဟောင်း)၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)