ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပခုက္ကူ  ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ဇူလိုင်လ ၇ရက် နံနက် ၁၀နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။  

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က “အခမ်းအနားတစ်ခုအောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက်ဦးဆောင်သူ၊ တာဝန်ရှိသူဖြစ်ရာ အခမ်းအနားများတွင်သာမက အစည်းအဝေးများ ကျင်းပရာတွင်လည်း အခမ်းအနားမှူးတစ်ယောက်တွင်ရှိရမည့် အဓိကအရည်အချင်းများသိရှိစေရန် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ သင်တန်း၊ ဖွင့်ပွဲအခမ်းအနားများ၊ ဘာသာရေးအခမ်းအနားများတွင် အခမ်းအနားမှူး တာဝန်အောင်မြင်ပြီးမြောက်စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အခမ်းအနားမှူးတစ်ဦးတွင် ထားရှိရမည့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများ၊ အခမ်းအနားကျင်းပစဉ်အတွင်း သတိထားရမည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဟန်ပန်အမူအရာများ၊ အသံပိုင်းဆိုင်ရာ စကားပြော လေယူလေသိမ်းအဖြတ်အတောက်၊

အသံပီသစွာ ပြောဆိုရေးအကြောင်းတို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသည်။ အဆိုပါ အခမ်းအနားမှူးသင်တန်းသို့ ပခုက္ကူခရိုင်နှင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၇ရက်မှ ၈ရက်အထိ သင်တန်းကာလ(၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)