ပဲခူး ဇူလိုင် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး၊ ဥပဒေအရာရှိ(ရုံးအဖွဲ့မှူး)ဦးကျော်နန္ဒက “ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ”ခေါင်းစဉ်ဖြင့်လည်းကောင်း တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့စသည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးသန်းစိုးက “ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဆက်လက်ဟောကြားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ပဲခူး)မှ ရဲအုပ်ဇော်မင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပက်သက်၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား မေးခွန်းမေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ (ရုံးအဖွဲ့မှူး)ဦးကျော်နန္ဒ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ပဲခူးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဇော်မင်းအောင်နှင့် အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)