ဟင်္သာတ စက်တင်ဘာ ၉
ဧရာဝတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ် −၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင်/ အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့အဝင် /အထွက်ဂိတ်များတွင် ဝင်ထွက်သွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအသုံးပြုသွားလာကြသည့် ခရီးသွားပြည်သူများအား ခရီးသွားမှတ်တမ်းများ ရယူခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များပေါ်တွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများကို Mask ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် Mask များ စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့များက မြို့အဝင်/အထွက် (၃)နေရာတွင် အဖွဲ့ခွဲပြီး စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)