ပခုက္ကူမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီ အချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က “လူကုန်ကူးမှုဖြစ်ပေါ်စေသည့် အဓိက အကြောင်းတရားများ၊ လူငယ်နှင့်စာပေ၊ နည်းပညာ” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်က “လူကုန်ကူးမှုဖြစ်စဉ်များအား ဖော်ထုတ် အရေးယူနိုင်သည့် ဥပဒေများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ရဲအုပ်သိန်းဌေးက “လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများနှင့် လူကုန်ကူးမှု ဖြစ်ပေါ်စေသည့် အကြောင်းတရားများနှင့် ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေသူအောင်က “သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝပြောင်းလဲလာမှုများ၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးစေသည့် အကြောင်းတရားများနှင့် ကာကွယ်ထိန်းသိမ်းနိုင်သည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပခုက္ကူမြို့၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က ရာသီအလိုက် ဖြစ်ပေါ်တတ်သည့် ရောဂါများနှင့် တိုင်းရင်းဆေးပညာရပ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။

အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းသူ (၃၅)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။   

ဘာမီသာ (ပခုက္ကူ)