ရွှေကျင် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ-လ-က(ခွဲ)မကျည်းတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများက ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းဝင်း(သာထက်အောင်)က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြား ပေးသည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ မူလတန်း အဆင့်ကလေးငယ် (၁၅) ဦးက ပြိုင်ပွဲဝင်ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်များနှင့်အတူ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဒေါ်သဲစုအောင်၊ စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် ဆရာ/ဆရာမများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)