ပေါက်ခေါင်းမြို့၌ ကျောင်းသား၊ ကျောင်းသူ(၃၉၈၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး

ပေါက်ခေါင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းလွန်နှင့်မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်းအခြေပြုကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန်လ  ၂  ရက်နေ့က ပထမအကြိမ်စတင်ထိုးနှံပေးခဲ့ရာ ယခုအခါသတ်မှတ်ရက်ပြည့်မြောက်၍ ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို သက်ဆိုင်ရာစာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မိဘအုပ်ထိန်းသူ၏သဘောတူညီချက်ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့အထိ မြို့နယ်အတွင်းအခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၃၉၈၀)ဦးကို မိဘများ၏သဘောဆန္ဒအရ  ဆေးတစ်လုံးလျှင်(၅)ဦးထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။‌ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ‌ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ လျာထားမှု  (၁၁၁၁၀)ဦးရှိပြီး ယမန်နေ့က ဂုန်မင်းခုန်အလယ်တန်းကျောင်း၊ ဗြူဂေါင်း(လ)ခွဲ၊ပေါ်လံကြီးမူလတန်း၊ထန်းတပင်(လ)ကျောင်းနှင့်နွားမြော(လ)ခွဲအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၂၄၅)ဦးထိုးနှံပေးခဲ့ကြောင်းနှင့်‌ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများကို မြို့နယ်ကျန်းမာ‌ရေးဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေ ဆေးထိုးစုရပ်စာသင်ကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)