ကျောင်းကုန်းမြို့၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်

ကျောင်းကုန်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာပေါ်တွင် လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များဖြစ်ပြီး၊ တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွယ် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီသဖွယ် အတူတကွ ယှဉ်တွဲတည်ရှိစမြဲဖြစ်သည်။ ထိုလူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေတည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမည့် သယံဇာတ အရင်းအမြစ်များပင်ဖြစ်သည်။

မြန်မာ့သစ်တောကြီးများသည် နိုင်ငံတော်၏ ဝင်ငွေကို အထူးပံ့ပိုးပေးလျက်ရှိသည်။ တောင်သူလယ်သမားများအနေဖြင့် သီးထပ်သီးညှပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများ ရေကြီးကွင်း၊ ရေနက်ကွင်းများကို လယ်မြေများအဖြစ် ဖော်ဆောင် လာနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုထောက်ခံလျက် မြန်မာ့သစ်ပင် သစ်တောကြီးများ စိမ်းလန်းစိုပြေ သာယာလှပစေရန် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ တစ်စေ့မှတစ်ပင်၊ တစ်ပင်မှတစ်စု၊ တစ်စုမှတစ်တော၊ တစ်တောမှတစ်ရွာ၊ တစ်ရွာမှတစ်ကမ္ဘာ ပြုစုပျိုးထောင်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)