သာပေါင်းမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲကျင်းပ

သာပေါင်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒည်ကုန်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ်(၉/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူဦးတင်ထွန်းဦး လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက် ထည့်သွင်း ကြဲပတ် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်း စသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး (၄၀-၄၅)ရက်သားအချိန်သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးအချိန်ဖြစ်၍ ထယ်ထိုးမြေမြုပ်ပါ၊ မြေမြုပ်ထွန်မွှေပြီး (၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းအသုံးပြုနည်း၊ သဘာဝမြေသြဇာ ပြုလုပ်နည်း၊ အီးအမ်ဘိုကာရှီဗေဒါ သဘာဝမြေသြဇာ ပြုလုပ်ပုံများကို ရှင်းလင်းပြောကြားပြီး တောင်သူများအား ၂၀၂၂-၂၀၂၃ မိုးစပါး လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ သီးနှံအထွက်တိုးရေး၊ ရိုးပြတ်မကျန်ရှိအောင် စိုက်ပျိုးရေးတို့ကို အသိပညာပေး စည်းရုံးတိုက်တွန်းအားပေးပြီး ဂျုံးဂျုံးကျကျေးရွာ ကွင်းအမှတ်(၅၆၄)၊ ဦးပိုင်အမှတ်(၂/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူ ဦးတင်ထွန်းဦး လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက် ထည့်သွင်း ကြဲပတ်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုဝင်များ၊ တောင်သူများ၊ ကျေးလက်နေပြည်သူများ တတ်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)