ရွှေသောင်ယံ စက်တင်ဘာ ၉
ရွှေသောင်ယံကမ်းခြေတွင် မျှင်ကျော့ပိုက်များဖြင့် မျှင်ကောင်များရှာဖွေ၍ စီးပွားဖြစ် မျှင်ငပိပြုလုပ် ရောင်းချသော လုပ်ငန်းများရှိနေပြီး ယခုလို ရာသီဦးအချိန်တွင် မနှစ်က မျှင်ငပိတစ်ပိသာလျှင် တစ်သောင်းခွဲမှစတင်၍ ရောင်းချရပြီး ယခုနှစ်တွင် တစ်ပိဿာကို ခုနှစ်ထောင်ဈေးနှင့်ပင် အရောင်းအဝယ်များ မကောင်းဟု မျှင်ငပိလုပ်ငန်းလုပ်သူများ ထံမှသိရသည်။
ယခင်နှစ်များက ချောင်းသာကမ်းခြေရှိ ငပိ၊ ငါးခြောက်ရောင်းချသောဆိုင်များက မျှင်ရှာဖွေသူများထံမှ မျှင်ငပိကို ဈေးကောင်းပေး၍ ဝယ်ယူကြသဖြင့် ဖောက်သည်သမားများ အဝယ်လိုက်ကာ ပင်လယ်ပြင်တွင် မျှင်ရှာဖွေသော စက်လှေသမားများ အလုပ်ဖြစ် အဆင်ပြေသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ်းခြေများပိတ်ထားခြင်း၊ ဧည့်သည်များကို အမှီပြု၍ ရောင်းချနေရသော ငပိ၊ ငါးခြောက်ဆိုင်များ အရောင်းအဝယ် မကောင်းခြင်း၊ သာမန်ပြည်သူများမှာ အလုပ်အကိုင်များ မကောင်းခြင်းတို့ကြောင့် နှစ်တိုင်း ဈေးကောင်းရနေသော မျှင်ငပိကို ထက်ဝက်နှုန်းခန့် ဈေးချကာရောင်းပေးနေသော်လည်း အရောင်းအဝယ်မကောင်း၍ အခက်ကြုံရကြောင်း သိရသည်။
ပင်လယ်ပြင်တွင် မျှင်ကောင်များရှာဖွေရာ၌ လူသုံးဦး၊ လေးဦးလောက်နှင့်သာ ကွန်ပစ်၍ရှာဖွေသော စက်လှေငယ်များနှင့် လူဆယ်ဦး၊ ဆယ့်ငါးဦးလိုက်ပါပြီး မျှင်အုပ်ကို ကျော့ယူရသော မျှင်ကျော့စက်လှေများဟူ၍ ရှိသည့်အတွက် လူအများနှင့်ရှာဖွေရသော စက်လှေသမားများအဖို့ တွက်ခြေမကိုက်ဘဲ အခက်ကြုံနေရကြောင်းသိရသည်။
ကိုကိုမောင် (ပြန်/ဆက်)