ဘိုကလေး ဇူလိုင် ၇
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နွမ်းပါးပြည်သူများ၏ ကျန်းမာရေး အခက်အခဲများအား ကူညီထောက်ပံ့ဖြေရှင်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီသည် မကြာခင်အချိန်က အခက်အခဲအမျိုးမျိုးကြောင့် ကူညီ ထောက်ပံ့မှုများ ယာယီရပ်နားခဲ့ရာမှ ဇူလိုင်(၅)ရက်နေ့တွင် မြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်းရုံးတွင် ကော်မတီဝင်များ တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ပြန်လည်ဆောင်ရွက်ရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ ကြပြီး ယခုအခါ ကူညီထောက်ပံ့ မှုများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်။
ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် ဇူလိုင်(၆)ရက်နေ့၌ ဘိုကလေးမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ သို့ ကော်မတီဝင်များ သွားရောက်၍ အခက်အခဲများဖြင့် ဆေးဝါးကုသနေရသည့် ဘိုကလေးမြို့၊ အမှတ်(၆) ရပ်ကွက်၊ (၃)လမ်းမှ အဆုတ်ရောင်ရောဂါဖြင့် ဆေးဝါးတက်ရောက် ကုသနေသူ အမျိုးသားတစ်ဦး၊ မြစ်တန်း ကျေးရွာ၊ အမှတ်(၁၀)ရပ်ကွက်မှ သွေးဆိပ်ပြန့်နှံ့ရောဂါဖြင့် ဆေးဝါးတက်ရောက်ကုသနေသူ အမျိုးသားတစ်ဦး၊ စက်ဆန်းကျေးရွာအုပ်စု၊ သူဌေးကုန်းရွာမှ အဆုတ်ရောင်ရောဂါဖြင့် ဆေးဝါးတက်ရောက်ကုသနေသူ (၄)လသား ကလေးငယ်တစ်ဦး၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာမှ ရေမွှာမွန်းသည့် (၁)ရက်သား ကလေးငယ် တစ်ဦး၊ ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ အကော်ကျေးရွာမှ ပေါင်မပြည့်၊ လမစေ့ဘဲ မွေးဖွားသည့် အမွှာကလေး နှစ်ဦးတို့အား လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေး အလှူငွေများ ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)