ကျုံပျော် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်သည် မြစ်ဝကျွန်းပေါ် ဆန်စပါး အများအပြားထွက်ရှိရာ ဒေသ ဖြစ်သည်နှင့် အညီ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ရာသီ၌ စပါးစိုက်ဧကပေါင်း (၁၁၅၄၀၈) ဧက စိုက်ပျိုးထားရှိနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်ထံမှ ယနေ့ သိရသည်။
အဆိုပါ စိုက်ဧကများထဲတွင် မျိုးသန့်စိုက်ဧက (၂၃၇) ဧက ထည့်သွင်းစိုက်ပျိုး ထားရှိပြီး၊ စိုက်ပျိုးသည့် မျိုးသန့် စပါးများ အရည်အသွေးအသွေး ပြည့်မှီရေး၊ စံချိန်စံညွှန်း ကောင်းမွန် ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျုံပျော်တွင် ကျေးရွာအုပ်စု (၂၉)ခုရှိ တောင်သူ (၇၄)ဦးတို့က မျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ် လျက်ရှိ ကြောင်း သိရသည်။
မျိုးသန့်စပါး စိုက်ပျိုးခြင်းဖြင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်ခြင်း၊ ဈေးကောင်း ရရှိခြင်းတို့ ကြောင့် တောင်သူများ စိုက်ပျိုးကြရန်နှင့် မြေဆီလွှာ ရေရှည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြုပ်ထည့်သွင်း စိုက်ပျိုးကြရန်အတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနက ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်အနေဖြင့် ဒေသတွင်း ဆန်ဖူလုံရေးနှင့် အခြားသို့ပါ တင်ပို့ရောင်းချနိုင်ရေးအတွက် မိုးစပါး စိုက်ပျိုးခြင်းသာမက နွေစပါးစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်အထွက်နှုန်း တင်းပေါင်း (၁၀)သန်းကျော် ထွက်ရှိလျက်ရှိကာ ဒေသတွင်းမှ ပိုလျှံသော စပါးတင်းပေါင်း (၅၅)သိန်းကျော်ကို အခြားဒေသ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရ သည်။
လပြည့်ဦး(ပြန်/ဆက်)